ကိုယ်ဝန်အစောပိုင်းကာလ သွေးဆင်းခြင်း ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ
ကိုယ်ဝန်စရှိပြီဆိုတော့ မိသားစုလေးအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်နေရာကနေ သွေးတွေဆင်းတာ ကြုံလိုက်ရရင် လန့်သွားကြမယ်ထင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလ ပထမ ၃ လ အတွင်း ဘာကြောင့်သွေးဆင်းတတ်လဲ လေ့လာကြည့်ရအောင်။ အဓိကအားဖြင့်
- ကိုယ်ဝန်ပျက်ကျခြင်း
- သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
- စပျစ်သီးသန္ဓေတည်ခြင်း တို့ ကြောင့် အများဆုံးဖြစ်ပါတယ်။
အခြားသော သန္ဓေသားနေရာယူကုပ်တွယ်ခြင်း၊ သားအိမ်ခေါင်းအသားလုံးဖြစ်ခြင်း၊ ကူးစက်ရောဂါပိုးဝင်ပြီး မွေးလမ်းကြောင်းယောင်ရမ်းခြင်းတို့ကြောင့်လည်း သွေးဆင်းတတ်ပေမယ့် အဖြစ်နည်းပါတယ်။
သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
သန္ဓေသားက သားအိမ်ထဲမှာ မတည်ဘဲ သားအိမ်ပြင်ပ အခြားနေရာ မျိုးဥအိမ်၊ မျိုးဥပြွန်၊ အစာဟောင်းအိမ် စတဲ့နေရာမျိုးတွေမှာ နေရာမှားသန္ဓေတည်တတ်ပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေသား အသက်မရှင်နိုင်သလို သန္ဓေတည်ခံရတဲ့ အခြားနေရာတွေဟာ ယောင်ရမ်းတာ၊ ပေါက်ထွက်သွားတာ၊ ဝမ်းဗိုက်တွင်းသွေးယိုစိမ့်တာမျိုးတွေ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ကျော်သူမိခင်၊ ယခင်က သားအိမ်ပြင်ပတွင် သန္ဓေတည်ထားဖူးသူ၊ မျိုးဥပြွန်နှင့် အခြားတင်ပါးဆုံတွင်းခွဲစိတ်ကုသမှု ခံယူထားသူ၊ မ မျိုးပွားလမ်းကြောင်းမှာ ကူးစက်ရောဂါပိုးဝင်ထားသူ၊ နည်းပညာဖြင့် ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေတည်ပြီး ကိုယ်ဝန်ဆောင်ထားသူ၊ ဆေးလိပ်သောက်သူ အမျိုးသမီးများမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးမှာ
- ဆိုးဆိုးဝါးဝါးဗိုက်အောင့်ခြင်း
- သွေး အနည်းငယ်ဆင်းခြင်း
- ခေါင်းမူးဝေခြင်း၊ နုံးခြင်း
- သတိလစ်မေ့မျောသွားခြင်းများ ဖြစ်တတ်ပါတယ်။
မိခင်ဝမ်းဗိုက်တွင်းသွေးယိုစိမ့်မှုကြောင့် သွေးလန့်ခြင်းနဲ့ အသက်အန္တရာယ်ရှိတဲ့ အတွက် အချိန်မီဆေးရုံတက်ခွဲစိတ်ကုသမှုခံယူရပါမယ်။
ကိုယ်ဝန်ပျက်ကျခြင်း၊ သားပျက်သားလျှောဖြစ်ခြင်း
ကိုယ်ဝန်အစောပိုင်းကာလကနေ ၄ လ အတွင်း သန္ဓေသား ထွက်ကျသွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်တတ်ပါတယ်။ ကျန်းမာရောဂါကင်းတဲ့ မိခင်တွေမှာလည်း အလိုလျောက် သားပျက်သားလျှောနိုင်သလို မတော်တဆထိခိုက်မိခြင်းနှင့် အချို့သောမိခင်ရောဂါအခြေအနေများ၊ မျိုးမအောင်သောသန္ဓေဖြစ်ခြင်း၊ သန္ဓေသားပုံမမှန်ခြင်း၊ ခရိုမိုဇုန်းရောဂါများဖြစ်ခြင်းများ၊ သန္ဓေသားကိုထိခိုက်စေသော ဆေးဝါးများကြောင့်လည်း ပျက်ကျနိုင်ပါတယ်။
ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးမှာ
- မိန်းမကိုယ်မှ သွေးတစက်စက်ကျခြင်း
- အညိုရောင်အရည်ကျဲကျဲဆင်းခြင်း
- သွေးနှင့် သန္ဓေသားတစ်ရှူးစ အတုံးအခဲများဆင်းခြင်း
- ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးစပ်၊ ကျောနှင့် တင်ပါးခွက်ထဲတွင် ဆုပ်ဆွဲထားသလို နာကျင်ကိုက်ခဲခြင်း ဖြစ်ပြီဆိုရင် ကိုယ်ဝန်ပျက်ကျတာဖြစ်ပါတယ်။
ကိုယ်ဝန်ပျက်ကျတယ်လို့ ကိုယ့်ကိုယ်ကိုယ်သံသယရှိတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်တာ၊ ဆေးရုံသွားတာမျိုးလုပ်ပါ။ သွေးဆင်းများခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်းဗိုက်နာခြင်း၊ မိန်းမကိုယ်မှ အနံ့ဆိုးသော အရည်များဆင်းခြင်း ဖြစ်လာရင် သားအိမ်တွင်း ပိုးဝင်နေတာဖြစ်ပြီး မိခင်အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အချို့သူတွေမှာ သန္ဓေသားနှင့်အချင်းတစ်ရှူး အကုန်လုံးထွက်ကျသွားတဲ့အတွက် သားအိမ်ခြစ်ဖို့မလိုတတ်ပါဘူး။ သန္ဓေသားအကုန်လုံးထွက်ကျတာမျိုးမဟုတ်ဘဲ တစ်ရှူးအပိုင်းအစလေးတွေ ကျန်နေရင်တော့ သားအိမ်ခြစ်ဖို့လိုပါတယ်။
စပျစ်သီးသန္ဓေတည်ခြင်း
ကိုယ်ဝန်ဆောင် အယောက် ၁၀၀၀ မှာ ၁ ယောက်က စပျစ်သီးသန္ဓေတည်ခြင်း ဖြစ်နိုင်ပါတယ်။ ပုံမှန်သန္ဓေလို မျိုးအောင်ပြီးရင် သန္ဓေသားနှင့် အချင်းတစ်ရှူးပုံမှန်ကြီးထွားလာတာမျိုး မဟုတ်ဘဲ အချင်းတစ်ရှူးတွေဟာ အရည်အိတ်သေးသေးလေးတွေလိုဖြစ်သွားတတ်ပါတယ်။ အသက် ငယ်လွန်းသူနဲ့ ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်တွေနဲ့ အရင် စပျစ်သီးသန္ဓေတည်ဖူးထားရင် အဖြစ်များပါတယ်။ စပျစ်သီးသန္ဓေမှာ ပထမတော့ ပုံမှန်ကိုယ်ဝန်တွေလို ကြီးထွားလာရာကနေ
- နီညိုရောင်၊ အညိုရင့်ရောင်၊ သွေးဆင်းခြင်း
- တစ်ခါတစ်ရံ စပျစ်သီးလို အရည်အိတ်သေးသေးလေးများ ထွက်ကျခြင်း
- သာမာန်ကိုယ်ဝန်မှာထက်ပိုပြီး ပျို့အန်ခြင်း
- ဆီးခုံပိုင်းနှင့် တင်ပါးခွက်နေရာနာကျင်ကိုက်ခဲခြင်း ဖြစ်တတ်ပါတယ်။
ဒီလိုတွေဖြစ်လာပြီဆိုရင် သားအိမ်ခြစ်ကုသဖို့ လိုအပ်ပါတယ်။
တခြားအကြောင်းရင်းတွေကတော့ ကိုယ်ဝန်ဆောင်အချို့မှာ ကိုယ်ဝန်ရှိခါစတစ်ပတ်ကျော်ခန့်အတွင်း သန္ဓေသားက သားအိမ်အတွင်းနံရံတွင် စတင်နေရာယူကုပ်တွယ်ခြင်းကြောင့်လည်း သွေးအနည်းငယ်ဆင်းတာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဆီးစပ်နဲ့ ခါး အနည်းငယ်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာဖြစ်တတ်ပြီး မိခင်ရော သန္ဓေသားပါ အန္တရာယ်မရှိပါဘူး။ သားအိမ်ခေါင်းအသားလုံးဖြစ်ခြင်း၊ ကူးစက်ရောဂါပိုးဝင်ပြီး မွေးလမ်းကြောင်းယောင်ရမ်းခြင်းတို့ကြောင့်လည်း သွေးဆင်းတတ်ပေမယ့် အဖြစ်နည်းပါတယ်။
ကိုယ်ဝန်ရှိပြီဆိုတာ စပြီးသိတဲ့အချိန်ကစလို့ သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြသခြင်း၊ ရက်ချိန်းမှန်မှန်ကိုယ်ဝန်အပ်ခြင်း၊ ကာကွယ်ဆေးများ ထိုးခြင်း၊ လိုအပ်တဲ့ညွှန်ကြားချက်များကို အတိအကျ လိုက်နာခြင်းဖြင့် ရောဂါကင်းတဲ့ ကိုယ်ဝန်ကာလကို စနစ်တကျဖြတ်သန်းပြီး ကျန်းမာတဲ့ ရင်သွေးလေးမွေးဖွားနိုင်ပါတယ်။